တိုင်ရ ဦးမယ် မေမေ...

တိုင်ရ ဦးမယ် မေမေ...



ကြယ်ရင်ထိုး နဲ့ မိကောင်းကင်ပေါ့..

ကျနော့်ကို လက်ညှိုးငေါက်ငေါက် ထိုး..

လျှောက်လေရာ လမ်းမှာ..

လမင်းတွေ ရှုပ်ရှက်ခက်အောင် ခြွေပြတယ်လေ..



မေမေ ပြောတဲ့

ထမင်းဆီစမ်း ရွှေလင်ဗန်းကိုတော့

ကျနော် မမျှော်ဖြစ်တော့ဘူး..



အခု ကျနော်..

ခနဲ့ ပြုံး တွေ စု နေတယ်..



သြော်. မေမေရယ်..

ပုခက်လွှဲတဲ့ လက်ခလေးကို

သား ... တအား လွမ်းတယ်..။

ပန်းတွေ မပွင့်တဲ့ ကမ္ဘာ





စစ်ချီ စစ်မောင်းသံတွေနဲ့..
မိုးတွေ ကိုယ်စီ ရွာ ကြတယ်။
လေဆန်မှာမှ လာဆုံရတဲ့အတွက်
ငါ့ကို ခွင့်လွှတ်ပါ။

မိုးကလေး အုံ့နေတာကလွဲရင်..
ဘာကိုမှ မှောင်မနေချင်တဲ့ ကောင်ဆိုတော့
နည်းနည်းတော့ ပြောရခက်မယ်။

ဘယ်လိုလဲ..
ရစ်သမ် မိခါမှ တေးသာတယ် ထင်တာလား.။
အဲ့လိုဆိုရင်တော့..
ငါက စိုင်းသံ ဗုံသံ တွေ ဖြစ်လာမှာ မဟုတ်ဘူး။

အခုတော့ …
ငါ့မှာ မရှိတဲ့ ရနံ့တွေကို တောင်း
ရာသီကောင်းမှာ မှ ပွင့်ချင်တဲ့ ပန်းလှလှ လေးရေ..

ဘာကိုမှ..မတတ်နိုင်ခဲ့တော့လည်း..
ကိုယ့်လက် ကိုယ်ပြန်ပိုက်..
ကြယ်ကို ကြယ်က တိုက် ချ သွားတဲ့ ည …
ငါ့ကမ္ဘာဟာ. အ . လို့ နေ တုန်း ကွယ်။

ချစ်သူလွမ်းဖို့ ဆောက်တဲ့ပုံပြင်





ညိုရုံပဲ ညိုတဲ့ ကောင်းကင်ဟာ တလောကလုံးကို မျက်နှာလွှဲပြီး ငိုနေတယ်။
ကဲ ဘာဆက်လုပ်ကြမလဲ။ ဘဝ ဟာ စပျစ်သီးတစ်ခိုင်ဖြစ်ခဲ့ရင်တောင် ဝိုင်တစ်ခွက်ဆက်မဖြစ်ချင်တဲ့ သူဟာ ငါ ပါ။ ဒါပေမယ့် ‘ဝ’ လုံးကလေး ဝိုင်းအောင်ရေးတာက အစ သံသရာကလွတ်မြောက်ရေးထိ အဆုံး လူ့လောကဟာ ကြိုးစားစရာတွေ သိပ်များတယ်။ ထိပ်ထားရယ် .. ငါ ကြိုးစားရဦးမယ်လေ။
ကောင်းကင်ကို ပျံတက်မယ့် ငှက်ဟာ သူ့အတောင်တွေကိုတော့ ဆန့်ထုတ်ထားရမယ် မဟုတ်လား။
တက်ကုန်ရွက်ကုန် ဖွင့်ပြီး ဒီခရီးကို ငါသွားရတော့မယ် ။
ထိပ်ထားရေ…
နေလုံးကလေးထမ်းပြီး အနောက်ရိုးမကနေ ထွက်လို့သွား
နောက်တစ်ခေါက် ပြန်ပွင့်ခွင့်မရတော့တဲ့ ကောင်းကင်ဟာ .. ငါ ဖြစ်ရဲ့ …။

လွမ်းသူ့ပန်းခွေတစ်ခက်ကို
ထီးလိုမိုးပြီး
ဟော့လို ရင်ကော့ရဲပါတယ်
အဲ့ဒီနေ့က
မင်းအင်္ကျီစလေးပဲ ဖြစ်ဖြစ်
ငါ .. ဆွဲကိုင်ထားချင်ခဲ့တာ…..။

အဲ့ဒီနေ့က
အလင်္ကာတွေတောင်
ထမ်းပိုးခွင့် မထိုက်တဲ့
မြက်ပင်ရိုင်းတွေရဲ့ ဂီတပေါ့
တရှပ်ရှပ်နဲ့ ကခုန်
မိုးကုပ်စက်ဝိုင်းကိုတော့
နမ်းခွင့် မပိုင်ခဲ့ဘူး။

အဲ့ဒီနေ့က
ဟော့ဒီလက်ချောင်းတွေနဲ့ ဆုတောင်း
အဲ့ လက်ချောင်းတွေနဲ့ပဲ
ငါတို့ နှုတ်ဆက်ခဲ့ကြတယ်။

အဲ့ဒီနေ့က
စိုက်ခဲ့တဲ့ ပန်းတွေ အားလုံးလဲ သေပါတယ်။
နောက်ဆုံး
မင်းမမြင်လိုက်တဲ့ ငါ့ခြေလှမ်းတွေလဲ
ဒရွတ်တိုက်ပဲ … သေတယ်။

အမေက ပြောတယ်။ ‘မာယာတွေ ရစ်သိုင်းထားတဲ့ လောကဓံတရားရဲ့ အောက်မှာ ဘယ်လူသားမှ ဒဏ်ရာမကင်းဘူး’ တဲ့ ။ ဘဝက ခါးလိုက်တာ အမေရယ်။ မူးယစ်ရီဝေပြီး မေ့ပျောက်ပစ်လိုက်ရင်တောင်
အမှတ်ထင်ကျန်ခဲ့ဦးမယ့် ဒဏ်ရာမျိုးတွေ ဟော့ဒီကောင်အတွက် များနေပြီ။
တစ်ချိန်က ‘ငါ့ ဘဝရဲ့ လမ်းတွေမှာ တေလေဘီလူးတို့ စောင့်လိုက စောင့်စေ’ ဆိုပြီး ဟစ်ကြွေးခဲ့ဖူးတယ်။
တစ်ချိန်က နှလုံးသားမှာ နှင်းဆီဆူးတွေ စိုက်ပျိုးဖို့… စေတန်ပေးတဲ့ လက်ဆောင်
ရိုးသားစွာနဲ့ ငြင်းခဲ့ဖူးတယ်။
လှိုင်းတမော့မော့နဲ့ မြစ်ကမ်းကိုလဲ ဦးခိုက်ဖူးတယ်။
လက်ရာတွေ အကြိမ်ကြိမ်ညံ့ခဲ့လို့ ကမ္ဘာဦးနေ့ ရဲ့ ပထမဆုံး ဆည်းဆာရောင်နဲ့ အတူ ငါ့အလွမ်းတွေ သမိုင်းဝင်ခဲ့သေးတယ်။
ငုံ့လျိုးတောင်းပန်ခဲ့ဖူး သလို ကိုယ့်ရင် ကိုယ်လဲ ချွေးသိပ်ဖို့ မေ့နေခဲ့ဖူးတယ်။

လွင့်လွင့်ပါးပါး
ဒီဂျစ်ပစီကောင်ရဲ့ ညဟာ
လမင်းကို ကြိုးစင်တင်ထားသလိုပါပဲ
အလင်းတွေ ညှီစို့
ခေါင်းစိုက် ငိုက်ကျ နေခဲ့ ပြီ။

လေပြေထွေးက အများသုံးဘာသာစကားနဲ့ လာနှစ်သိမ့်တယ်။ မသေခင်တော့ မေးသွားရဦးမယ်လေ..။
အလွမ်းဆိုတာ ဘုရားရှင်လက်ထဲမှာ ဆုပ်ထားတဲ့ ငရဲမီးတောက်လောက် ပူသလား။
ဒုက္ခကို ဟောထားတဲ့ ဗုဒ္ဓရဲ့တရားတော်မှာ တတ်နိုင်သလောက် ငါငြိမ်းချမ်းပါရစေ..။

ထိပ်ထားရေ…
ငါ့ကို နားလည်ပါ
နား လည် စမ်း ပါ….. … ။

နင် စေခိုင်းမှ ပြောခွင့်ရှိမယ်ဆိုရင်တော့ ငါဟာ ‘အ’ နေတဲ့ ကောင်ပေါ့။ နင်လျှောက်လမ်းခဲ့တဲ့ မြေနီလမ်းတွေ …၊ နင် လွမ်းတတ်တယ်ဆိုတဲ့ အလင်းနွေးနွေး အိပ်မက်တွေ .. တစ်နေ့မှမေ့လို့ မရခဲ့ဘူး။
နင်ကတော့ စာသင်ခုံထောင့်စွန်းမှာ နှင်းဆီတွေ လာလာစိုက်တဲ့ ခပ်နွမ်းနွမ်း ကျောင်းသားလေးကို မေ့နေပြီလားလို့ နှုတ်ခမ်းကိုက်ပြီး စဉ်းစားဖူးတယ်။

လက်သန်းလေး နှစ်ချောင်းက ခေါင်းညှိပ်ခဲ့တဲ့ သစ္စာတွေ
ဘယ်ပုံဘယ်နည်းနဲ့ ပြိုပျက်သွားသလဲ….

နင်မစီးတော့ တဲ့ ဖိနပ်ကလေးလို သဲကြိုးပြတ်နေတဲ့ ကောင်ဟာ ငါပါ ထိပ်ထားရယ်…။

ငါရွတ်လေ့ရှိတဲ့
နမိတ်ဖတ်ပုံပြင်တွေ…
‘လ’ တခြမ်းပဲ ရွက်ထားတဲ့
ကောင်းကင် လင်္ကာတွေ
ထိပ်ထားရယ်…
မိုးခါးရေသောက်ရတာလဲ .. မောတယ်။

ပူလောင်အက်ကွဲနေတဲ့
မြေမှုန်တွေနဲ့ ငါ့အိပ်မက်ကို ဖန်ဆင်း
မွန်းကြပ် ပိတ်လှောင်မှုဟာ
အချိန်မကြည့်တတ်တဲ့ ဆောင်းတွင်းလိုပဲ
ထွက်သွားဖို့ မေ့ .. မေ့ နေတတ်တယ်လေ။

ငါ ရေးခဲ့ဖူးတဲ့
ဒဏ္ဍာရီ တစ်ပိုဒ်မှာတော့
‘မီးခွက်ဆိုတာ အလင်းပြပြကိုလဲ
အာခေါင်မှာ ဆုပ်ကိုင်ရဲတယ် ’ ….။

တကယ်တော့
ငှက်ဝါလေးရဲ့ သဲကြိုးပြတ်အိပ်မက်တွေ
သန်းခေါင်တေလေနဲ့
ညညတွေ ဘီလူးဆန်ပါတယ်။

ဒီလိုနဲ့ပဲ
ငါ့ ရင်ဘတ်ပေါ် လက်ကလေးတင်
လောက ဓမ္မမီးအိမ်နဲ့
ရာဇဝင်တွေ ခရီးဆက်ဦးမယ်။

ထိပ်ထားရေ …
မီးတပိုင်း ရေတပိုင်းနဲ့
ငါ … ပစ် ပေါက် စိုက် ပျိုး
နင့် အတွက်
ပုံပြင် တစ်ပုဒ် ရှိ ခဲ့ ဖူး တယ် … ။

လွမ်းချင်း(၁)




ဟိုးဝေးဝေး က
အိပ်မက်တွေ ပေါ့...
ရီပြာ မှုန်းမှိုင်း
မြူတွေ ဆိုင်း နေ ဆဲပါ
ဒီလိုနဲ့ ပဲ
ကြက်ခြေခတ် တွေနဲ့
ဆောက် ခဲ့ရ တဲ့ မြို့လေး
ခု တော့.. စို့ နင့် နေ ရှာ ပြီ.....။

Pencil Portriat - 3



Title > wah lwin phoo
Type > human face





Title > akari mg
Type > human face

Pencil Portriat - 2



Title > Japanese Cover
Type > cartoon






Title > khine thaw hnin
Type > human face

Pencil Portriat - 1



Title > Wallpaper
Type > cartoon





Title > Initial
Type > human face

ပင်လယ်ထဲက လှေ






လှိုင်းတွေက သူ့ကိုယ်သူ ပင်လယ်ကနေ ဆွဲမပြီး လှေကလေးကို ခပ်ပြင်ပြင်း ရိုက်ချလိုက်တယ်။ဆတ်ခနဲ ကောက်ထလိုက်တာက လွဲရင်..မမှုတော့ပါဘူးလေ။ဒီလိုနဲ့ အိပ်ယာဝင်၊ အိပ်ယာထ လာခဲ့ရတာ အတော်ကြာပြီကိုး။ သစ်နေကြ ပင်လယ်ရေနဲ့ပဲ လန်းဆန်းသွားအောင် လုပ်လိုက်တယ်။ အိတ်ခွံထဲ မှာ ပေါင်မုန့် နှစ်ချပ်က နွမ်းချိနေပြီ။ ဒါကိုပဲ သူက မြိန်ရေရှက်ရေ စားပစ်လိုက်တယ်။

ဘယ်တော့များမှ ကမ်းကို မြင်ရမှာလဲ….. ခရီးသွား သင်္ဘောတစ်စီးစီးလောက်နဲ့ တွေ့ရင်ကောင်းမယ်။

မေးခွန်းတွေ၊ မျှော်လင့်ချက်တွေ နဲ့ ထုံးစံအတိုင်း သူ့ကိုယ်သူ မီးမြှိက်နေတယ်။ ပြီးမှ.. ပူပြင်းတဲ့ နေရောင်ကို မကျေနပ်သလို ကြည့်ပြီး တောက်. တစ်ချက်ခေါက်လိုက်တယ်။ ပင်လယ်ကတော့ မုဆိုးဆန်ဆန် ပြုံးနေလေရဲ့။


သူတို့ ကုန်တင်သင်္ဘောငယ်လေး ပင်လယ်ထဲ စ၀င်ပြီး သိပ်မကြာခင်မှာပဲ မုန်တိုင်းမိပြီး မြုပ်လေသည်။

အခြားအဖော်များကတော့ မသိ။သူကတော့ စားနပ်ရိက္ခာ တစ်သတ္တာနှင့် လှေငယ်တစ်စင်းကို သူ့ သင်္ဘော ကပ္ပတိန်ဆီမှ လုယူကာ အသက်လု ထွက်ပြေးခဲ့သည်။ ခုချိန်ထိ ဘယ်သောင်ဘယ်ကမ်း ကိုမှ ရေးရေးမျှပင် မမြင်ရသေး။ ‘အရာဝတ္ထုတိုင်း၌ အလျား၊အနံ၊အမြင့် နှင့် အချိန် ရှိသည်’ ဟု စာအုပ်တစ်အုပ်၌ သူဖတ်ဖူး၏။ ထိုသို့ ဆိုလျှင် ယခု သူရောက်ရှိနေသော ပင်လယ်၏ အလျားတစ်ခုနှင့် ထိနေသော ကမ်းစပ်တစ်ခုသို့ ရောက်ရန် အချိန်မည်မျှ ကြာမည်နည်း။သူ မသိ။ သူသည် စတီဗင်ဟော့ကင်း မဟုတ်။ အိုင်းစတိုင်း မဟုတ်။ ရလေတစ်ဗတီ သီအိုရီကို သူမသိ။ သင်္ချာ သဘောတရား ကို သူနားမလည်။ ထို့ကြောင့် ဤပင်လယ်ထဲ ၌ တ၀ဲလည်လည် ဖြစ်နေရသည်။

စတီဗင်ဟော့ကင်း ကိုယ်တိုင်ဆိုလျှင်လဲ လွတ်နိုင်မည်မထင်။ သူက လှေလှော်ဖို့ရန် ပင် မတတ်နိုင်သည်ကိုး။ အိုင်းစတိုင်းကတော့ မပြောတတ်။ သူလှေလှော်တတ်ကြောင်း သမိုင်းထဲ၌ ပါမလာ။ လောက၌ တစ်ချို့ချို့သော ကိစ္စများသည် သီအိုရီဖြင့် အောင်နိုင်ချင်၍ မရ။ ထာဝရဘုရားသခင် (ရှိခဲ့သည်ဆိုလျှင်) ကိုယ်တိုင်လဲ ဤလူ့ကမ္ဘာကြီးအား သီအိုရီ များ ဖော်မျူလာ များနှင့် ဖန်ဆင်းခဲ့သည် ဟု မကြားဖူးပါ။ ဘာပဲ ဖြစ်ဖြစ်လေ.. လောလောဆယ်တော့ ဒီပင်လယ်ပြင်ကနေ လွတ်မြောက်နိုင်မှ ဖြစ်မည်။ ဒါမှ သူအသက်ဆက်ရှင်နိုင်မည်။ ရေနှင့် စားနပ်ရိက္ခာကလည်းကုန်ခန်းလုပြီ။


မယ်မယ်ရရ လုပ်စရာမရှိတော့လည်း အတွေးများက ဟိုတစ်စဒီတစ်စ သူ့ခေါင်းထဲ ၀င်လာသည်။ သူသာ မဟာဇနက အလောင်းတော်ဖြစ်ခဲ့လျှင် ရေထဲ ဒိုင်ပင်ထိုးဝင်ကာ ဦးတည်ရာ တစ်နေရာသို့ မနားတမ်း ရောက်အောင် ကူးမိမည်လော။ မသေချာ။ သူ့ထံ ၌ ဇွဲမရှိ။ တစ်ကိုယ်လုံးသုတ်လိမ်းရန် နှင့် အစာခံအောင် စားသွားရန် ထောပတ် မရှိ။ လက်ပန်းကျနေချိန်တွင်ပင် လာကယ်ရန် မေခလာ နတ်သမီးမရှိ။ ထို့ကြောင့် ရှိနေသည့် သူ့လှေကလေးဖြင့်ပင် အရပ်မျက်နှာ တစ်ခုသို့ (ကမ်းတွေ့လို တွေ့ငြား) လှော်ခတ် ခဲ့ရသည်။ နေရောင်က ခုချိန်ထိ ပူပြင်းတောက်လောင် ကောင်းတုန်းရယ်။ မိုးမယ့်ကာမယ့် အရာ မရှိတော့ ပင်လယ်ပြင်ကလည်း တံလျှက်ရောင် တဖြန်းဖြန်းနဲ့ ကျိန်းစပ်နေသည်။ သူလှေကလေးနှင့် သူ လည်း အတော်ပင် စုတ်ပြတ်နေပြီ ဖြစ်သည်။

အခုလို ကျတော့လည်း ဒီ ကုန်တင်သင်္ဘောနဲ့ အစတည်းက မလိုက်ခဲ့ရင် ကောင်းသားဟု သူ နောင်တရနေမိသည်။ ကိုယ်ပိုင်မြေ တစ်ကွက်ဝယ်ရန် ပိုက်ဆံလို သောကြောင့် သူ ဒီသင်္ဘောနှင့် လိုက်ခဲ့ရခြင်း ဖြစ်သည်။ ခုတော့ သူပိုင်သည့် (ပိုင်သည်ဟု ဆိုနိုင်သည့်) မြေက လှေငယ်လေး တစ်စင်း စာရယ်။ ကမ်းမတွေ့လို့ ပင်လယ်ထဲ၌ပင် သူသေသွားလျှင်လည်း သူ့ကို မြှပ်စရာ မြေနေရာ တစ်ပေပတ်လည် မျှပင်မလို။ ကဲ….. လောကရယ် တစ်ကိုယ်လုံး လောင်ကျွမ်း တောက်လောင် ပြနေခဲ့ရင်တောင်မှ ရလဒ်က ပြာမှုန်တွေတဲ့လား…။ ဖြစ်နိုင်လျှင် ဘ၀ကို အဲ့ဒီကနေ စချင်သည်။ နောက်ထပ် လောင်ကျွမ်းစရာ မလိုတော့။


အမှောင်က ညနေပျိုကို လောကကြီးအား လက်ဆောင်ပေးလိုက်သည်။ အလားကားရတော့ လောကကြီးကလည်း ခပ်တည်တည်နှင့် လက်ခံလိုက်သည်။ ဒါကပဲ မုန်တိုင်းရဲ့ အစ ဖြစ်ခဲ့တော့တယ်။ ပင်လယ်က သူနှင့် သူ့လှေကလေးကို စတင် ကျီစားပြီ။ လေပြည်က တဖြည်းဖြည်းနှင့် ပြင်းထန်လာပြီး ကောင်းကင်က အတင်းကြီး မှောင်ညစ်ပြနေသည်။ မာယာ…………………..။ သူနှင့်ရင်နှီးနေသော စကားလုံး။ အ၀တ်အစား၏မာယာ၊ အလှတရား၏ မာယာ၊ ၀က်သားတုတ်ထိုး၏ မာယာ၊ ချစ်သူ၏ မာယာ၊ အပြုံး၏ မာယာ၊ နပိုလီယန်၏ စစ်ပရိယာယ်မာယာ၊ လောက၏ မာယာ၊ အရာအားလုံး၌ ရှိသော မာယာ။ မာယာ၏ မာယာ။ ယခု… သူ့ကို ပင်လယ်ပြင်က…မာယာပြပြီ။ ကချေသည်က. အကကွက် တွေကို တစ်ကွက်ခြင်း ထုတ်ပြသလိုမျိုး…. မာယာတွေကို လွှာချပြနေသည်။ လေပြင်းက ငြိမ်သွားပြန်ပြီ။ အမှောင်ကတော့ နောက်ထပ်ပြန်မလင်း နိုင်တော့သော အခြေအနေ။ မုန်တိုင်းကျတော့မှာလား…။ သူ့စိတ်တွေ ခြောက်ခြားသွားသည်။ ယိုင်နဲ့နေသော ခန္ဓာကိုယ်ကို တည့်မတ်ရင်း သူ့ကိုယ်သူ အားတင်းကြည့်သည်။ မရ…. ။ သူ အနည်းငယ်စိတ်ပျက်သွားသည်။ ဒီတစ်ခေါက် မုန်တိုင်းကျလျှင် သူတော့ သေပြီဟုထင်နေသည် (သို့မဟုတ်) သိနေသည်။

ရုတ်တရက် သူ့မြင်ကွင်းထဲမှာ သင်္ဘောတစ်စင်း….။ ဟုတ်တယ် ..အဲ့ဒါသင်္ဘော ပဲ။ သူ့အပျော်တွေ အရောင်လက်သွားသည်။ လှော်တက်ကို ကောက်မ လိုက်ပြီး ထိုသင်္ဘောဆီသို သူ စတင်လှော်ခတ်လိုက်သည်။ မျှော်လင့်ချက် များကတော့ သူ့ရင်နှင့် အပြည့်။ သင်္ဘောကလည်း သူ့ဆီ လာနေပုံရသည်။ အားတင်းပြီး ခပ်မြန်မြန် လှော်လိုက်သည်။ မုန်တိုင်းကလည်း သူ့ကို စောင့်မည်မထင်။ သူ လှော်နေသည်။ သူ့လှေ သေးသေးလေး ၏ ဘေးပတ်ပတ်လည်မှာ ကြီးမားသော လှိုင်းဂယက်များ အဆက်မပြတ် ထွက်နေသည် အထိ လှော်သည်။ စိတ်လိုတိုင်းတော့ ခရီးမရောက်။ သင်္ဘောက သူ့လှေကလေးကို မြင်သွားပြီး ကယ်တင်ဖို့ သူ့ဖက်ကို ဦးလှည့်လိုက်သည်။ ဟုတ်သည် .. တကယ်လာနေပြီ။ ထို့အတူ ပင်လယ်ကလည်း တပ်မဟာ ပေါင်းများစွာနဲ့ သူ့ဆီလာနေပြီ။ သူစိတ်တွေလည်းအားမလို အားမရ ဖြစ်နေသည်။ ရွှီ.. ဆိုပြီး ခရာ မှုတ်လိုက်လို့ တာထွက်လာတဲ့ အပြေးသမားတွေလိုမျိုး လေရာ . မိုးရော ရွာကျလာသည်။ ကောင်းကင် ကလည်း အနက်ရောင် ပြောင်းသွားလေပြီ။

စပြီ။ သူနှင့် ပင်လယ် တို့ရဲ့ တိုက်ပွဲ….။

သူ့ ၀ိညာဉ်ကလည်း ဘယ်လို မုန်တိုင်းလာလာ ရိုက်ခွဲ ပစ်ဖို့ အဆင်သင့်။ သူ့ လှေကလေးနှင့် သင်္ဘောကြီးကလည်း အတော်ပင် နီးနေပြီ။ ရုတ်ချည်းဆိုသလို ပင်လယ်က သူ့ကိုယ်သူ မွှေ့ပစ်လိုက်သည်။ ၀ဲဂယက် တစ်ခု ဖြစ်ပေါ်လာပြီး သူ့လှေကလေး ရမ်းခါသွားသည်။ အားစိုက်ပြီး သူလှော်သည်။ တိုက်ပွဲမှာ သူရဲကောင်းက သူ့ဓါးကို မြဲနေအောင် ဆုပ်ကိုင်ထား သလိုပါပဲ… လက်ထဲက လှော်တက်ကလည်း သူ လက်လွှဲရာ လိုက်ပါနေတယ်။ လေထုဖိအား အရမ်းပြင်းလာသောကြောင့် သူ့နားတွေလဲ အူနေသည်။ တဖြည်းဖြည်းနှင့် ဘာသံမှ ကို မကြားနိုင်လောက်တော့တဲ့ အထိ သူ့ခေါင်းတွေ မူးရီနေသည်။ ခဏကြာတော့ ၀ဲဂယက်တစ်ခု ကလွဲပြီး သူ့လှေကလေးနှင့် သင်္ဘောကြီး ကြားမှာ ဘာမှမရှိတော့တဲ့ အခြေအနေကို ရောက်ရှိသွားသည်။ သူ ဆုံးဖြတ်လိုက်တယ်။

နောက်ဆုံး အားအင်တွေသုံးပြီး သူ့လှေကလေးကို အဲ့ဝဲဂယက် ကနေ ဖြတ်ကာ ဖောက်ထွက်ပစ်လိုက် တယ်။ ဒါပေမယ့် ၀ဲဂယက် က သူ့လှေသေးသေးလေးကို အလွယ်တကူပဲ ဆွဲမွှေ့ပစ်လိုက်တယ်။ သူ့လှေကလေး ချာချာလည်ကာ မြုပ်ချင်ချင် ဖြစ်သွားသည်။ သူ…. ဆက်လှော်တယ်။ သူရယ်၊ သူ့ ၀ိညာဉ်ရယ်၊ လှော်တက်ရယ်၊ လှေကလေး ရယ် တသားထဲ ကျသွားတဲ့အထိ သူ လှော်ပစ်လိုက်တယ်။

………….။ လွတ်သွားပြီး။ အင်း ..ဟုတ်တယ်။ အဲ့ ၀ဲဂယက် ကနေ သူ့လှေကလေး လွတ်သွားပြီ။ အဲ့ဒီမှာ ဖြတ်ခနဲ သင်္ဘောကြီးရဲ့ ကိုယ်ထည်နဲ့ ထိပ်တိုက်သွားတွေ့တယ်။ သင်္ဘောကြီး ကို သူလှမ်းအော်လိုက်တယ်။ သူ ဒီမှာ ရှိကြောင်း..။ ဒါပေမယ့် သူ့ အသံက ထွက်မလာဘူး။ သူ အော်တယ်။ သင်္ဘောကြီးက မကြားဘူး။ အသံက မထွက်တော့ သူအော်နေတာသင်္ဘောကြီးက မကြားဘူး။ ဒါနဲ့ ပဲ .. ပင်လယ်က ပို့ ပေးလိုက်တယ် ထင်ပါရဲ့.. ။ သင်္ဘောကြီး ရဲ့ ဦခေါင်း အောက် သူ့ လှေကလေး ရောက်သွားတယ်။ ‘၀ုန်း……….’ ဆိုတဲ့ အသံ က ခပ်အုပ်အုပ် ထွက်လာတယ်။ ဒါလေးပဲ…..။

ဒါလောက် လေးပါပဲ………..။ နောက်တော့ သူ့ လှေကလေးနဲ့ အတူ သူပါ မြုတ်သွားတယ်။

ပြီးသွားခဲ့ ပြီလေ..။ မုန်တိုင်းလဲ ငြိမ်ကျသွား ပြီ။ သင်္ဘောကြီးကလဲ သူ့လမ်းပေါ် သူပြန်ရောက်သွားပြီ။ ပင်လယ်ကတော့ မုဆိုးဆန်ဆန် ခပ်တည်တည်ရယ်……………………………………………….။

သုရာ (ခေါ်) အရက်






ဝါဒိက္ခရာ (ခေါ်) ၀ီစကီ နှင့် ဇာဏိယာ (ခေါ်) ရမ် တို့ကို အလွန့်အကြွံ သောက်သုံးပါက အရက်နာကျသော ဒဏ်ကို ခံစားရမည် ဖြစ်သည်။ သို့သော် သုရာမေရယကံ (ခေါ်) အရက် သေစာ မူးယစ်သောက်စား ကျူးလွန်သောကံကို ဖောက်ပြန်နေကျဖြစ်သော မဇ္ဇပ (ခေါ်) အရက်သမားများက ထိုအရက်နာကျသော ဒဏ်ကို မမှုတော့ပေ။

အရက်သောက်သော သူများထဲတွင် ပုဏ္ဏသိရောမတ္တက (ခေါ်) ထိပ်ပြောင်၍ ဥဂ္ဂနာသိက (ခေါ်) နှာခေါင်းကြီးသော ၀ုဒ္ဓါဝိဟာဝိတ (ခေါ်) လူပျိုကြီးများလဲ ပါဝင်သည်။ ၎င်းတို့သည် ဗာလဘာဝတောဒါသ (ခေါ်) ငယ်ချစ် ကြောင့် ပေမဿု (ခေါ်) မျက်ရည်များ ကျကာ အသည်းကွဲဒဏ်ကို မခံနိုင်သဖြင့် သုရာ (ခေါ်) အရက်သေစာ ကို သောက်လေ့ရှိသည် ဟုဆို၏။ သို့သော် မေ့ကား မမေ့နိုင်ချေ။

မက္ခိတာ (ခေါ်) ယင်ကောင်သည် ဂုတ္တဓရ (ခေါ်) စုံထောက်တို့၏ ကိုင်စွဲနေကျ ဖြစ်သော ပရိက္ကာမ (ခေါ်) ခြောက်လုံးပြူး ဖြင့် ပစ်လျှင် ပင် မထိ။ ထိုခြောက်လုံးပြူးသည် အရက်မသောက်။ ယင်ကောင်သည်လည်း မူးယစ် မနေ။

အန္နပါနေသု (ခေါ်) ထမင်းအဖျော်ကောင်း စားသောက်သော အခါ၌ ပိယံ (ခေါ်) ချစ်သောသူကို ဣစ္ဆန္တိ (ခေါ်) အလိုရှိကြကုန်၏။ မူးယစ် နေချိန်တွင် ပြောသည့် လွမ်းတယ် ဟူသော စကားနှင့် ဘာကွာသနည်း။ ထိုခဏ၌ ကာမိနီ (ခေါ်) ချစ်ဖွယ်ကောင်းသော မိန်းကလေး ကို သတိတရ အလိုရှိနေပြီလား။ လောက၌ ဥာဏ်နှင့်ယှဉ်၍ လွမ်းဆွေးခြင်းသည် အဆိုးဆုံးဖြစ်သည်။ မူးယစ်နေချိန်၌ ဆင်ခြင် ဥာဏ် နည်းပါး၏။ ထို့ကြောင့် အရက်တစ်ခွက်သည် အနည်းဆုံး လွမ်းသည့်ဒဏ်ကိုတော့ အဆိုးဆုံး မဖြစ်စေနိုင်ပေ။

ဘာပဲဖြစ်ဖြစ် ဘာမှမဖြစ်နဲ့ဟု ရှေးလူကြီးများက ဆုံးမဖူးသည်။ ထို့ကြောင့် ဘာမှ မဖြစ်။ ဘာမှ မရှိ။ ထိုအခါ ကမ္ဘာကြီးသည် တစ်ကောင်တည်း ကြောင်တောင်တောင်ဖြစ်သွား၏။ ဘာလုပ်ရမှန်း မသိဖြစ်နေသော ကမ္ဘာကြီးကို ဘယ်သူက အရက်သွားတိုက်လိုက်သည်မသိ။ လူမှန်းသူမှန်း မသိ မူးနေတာ ခုချိန်ထိပင်။ ဆက်၍ဆက်၍ သူ့အပေါင်းအဖော်များ ဖြစ်သော ဂြိုလ်ကိုးလုံး၊ ကြယ်များ၊ လများ ကလည်း အားကျပြီး သုရာ (ခေါ်) အရက်ကို လိုက်သောက်ကုန်ကြ၏။ အားလုံးမူးကုန်ကာ ချာချာလည် သွားကြသည်။ ဘာမှန်းညာမှန်းမသိသော လူများက ရူပဗေဒ ပညာရှင် ဟု သူတို့ကိုယ်သူတို့ နာမ်စားသုံးကာ ထိုအခြင်းအရာများ လည်နေရခြင်း အကြောင်းကို စုံစမ်း ဖော်ထုတ်ကြကုန်၏။ ရှာမတွေ့ သောအခါ စိတ်ညစ်ညစ် နှင့် သုရာ (ခေါ်) အရက် ကို သောက်ကြပြန်လေသည်။ ထိုမှတဆင့် သောက်စား မူးယစ်ခဲ့ကြရာ ကမ္ဘာမြေကြီး ၏ အဆင်တန်ဆာ ဖြစ်သော လူသားအားလုံးတို့သည် သုရာ (ခေါ်) အရက်ကို ကြိုက်မှန်းမသိ ကြိုက်လာကြတော့သည်။

တစ်ချို့ အရက်သမား များသည် အရက်သောက်ပြီး ပါဏာတိပါတာကံ (ခေါ်) သူတပါးအသက် သတ်ခြင်း ကံကို ကျူးလွန်ကြ၏။ တစ်ချို့ကလည်း ကာမေသုကံ (ခေါ်) သူတပါး သားမယား အားပြစ်မှား ခြင်းကံကို ကျူးလွန်ကြ၏။ တစ်ချို့ကလည်း အကုန်လုံး ကျူးလွန်ကြ၏။ ကြာသပတေးနေ့ဖွားဖြစ်သော ကဿပ ဘုရားရှင် လက်ထက်တော်၌ ဗျာဒိတ်တော်ရခဲ့ သော .သောကြာနေ့ဖွား ဂေါတမ ဘုရားရှင်သည် ဘုရားအဖြစ်သို့ မရောက်ရှိခင် ကာလ သုရာ (ခေါ်) အရက် ကို လယ်လုပ်သား ဘ၀၌ သောက်စားခဲ့ဖူးသော်လည်း မုသာဝါဒ ကံ (ခေါ်) လိမ်ညာ ပြောဆို ခြင်းကံကို တစ်ခါမျှပင် ကျူးလွန်ခဲ့ခြင်းမရှိဟု တရားစာအုပ်များ၌ တွေ့ရသည်။

သေချာတာက တော့ ကဗျာဆရာများ အရက်သောက်လျှင် အရက်သမားဟု မခေါ်။ ယမကာ လုလင်ဟုသာ ခေါ်သည်။ ဤသည်မှာ အမ္မတသာဂရဘေသဇ္ဇ ကျမ်းကြီးအလို အရသာ ဖြစ်တော့သည်။

ကျနော်တို့ ကျောင်း





နွေဦးကိုရောက်တော့ ဘုရားသခင်က ကဗျာတစ်ပုဒ်ရေးတယ်။ သစ်ရွက်ကလေး ကြွေလာသလို ဘုရားသခင် လက်က လွတ်ကျသွားတဲ့ အဲ့ကဗျာလေးဟာ ကမ္ဘာမြေမှာ ပန်းရောင်စုံ ပွင့်တဲ့ တိုင်းပြည် လာဖြစ်ရဲ့..။ အဲ့ဒီ တိုင်းပြည်မှာ ခေတ်ကိုပန်ထားတဲ့ ကမ္ဘာမြေရဲ့ ပန်းတွေ ပွင့်ကြတယ်။ ဒါကြောင့် လေပြည်တစ်ဝှေ့က အစ မွှေးမြ ဖြူစင်လွန်းအားကြီး နေတာပေါ့။

နတ်တို့ရွာက အလင်းနဲ့ အုပ်မိုးလို့ ထား .. အဲ့ဒီတိုင်းပြည်ကို ‘ကျောင်းတော်’ လို့ ခေါ်တယ်။

စံပယ်တွေ ခြံရံပြီး နက္ခတ်တွေ လှလှပပ ပွင့်တဲ့ နေ့ပေါ့… အဲ့ဒီနေ့မှာ ကျောင်းတော်ကို စဖွင့်တယ်။
ပန်းတွေ ပန်းတွေ…. အထွေးလိုက် အဆုပ်လိုက် ပွင့်ဝေ…
ကမ္ဘာဦးရဲ့ သက်တန့်ရောင် ဟာ အဖြူနဲ့ အစိမ်းက စတယ်။ မယုံတဲ့ လူ လဲသေလိုက်။

ဒို ရေ မီ ဖါ ဆို လာ တီ ဒို … ပန်းပွင့်တွေရဲ့ ရစ်သမ်ဟာ သရဏဂုံ သုံးပါးဖြစ်တယ်။
ကမ္ဘာမကြေ မြန်မာပြေ ဖြစ်တယ်။
မင်္ဂလာပါ ဆရာမ ဖြစ်တယ်။ ရှိပါတယ်ခင်ဗျ ဖြစ်တယ်။
စာအံသံတွေ နဲ့ ….. အဲ့ဒီတိုင်းပြည်ကို ‘ကျောင်းတော်’ လို့ ခေါ်တယ်။

သောက်ရေအိုးစင်၊ မုန့်ဟင်းခါးနဲ့ အမျှဝေသံ ပေါတဲ့ အဲ့ဒီတိုင်းပြည်မှာ မိခင်ဆန်ဆန် အပြုံးတွေရှိတယ်။ မိုးရာသီနဲ့ အောင်စာရင်းရှိတယ်။ စာသင်ခုံတွေ ရှိတယ်။ ပိတောက်ပင် ရှိတယ်။ မုန့်ဈေးတန်း ရှိတယ်။ ဘုရားစင် ရှိတယ်။ ခေါင်းလောင်းသံ ရှိတယ်။ သဲမြေပြင်ကို ရေဖျန်းထားတဲ့ ရနံ့တွေ ရှိတယ်။ စာကြည့်တိုက် ရှိတယ်။ မာလကာသီး ရှိတယ်။ လွယ်အိတ်တွေ ရှိတယ်။ ဘုရင့်နောင် အသင်း ရှိတယ်။ ညှပ်ဖိနပ်သံတွေ ရှိတယ်။ ကမ္ဘာကစောင့်နေတဲ့ မျက်ဝန်းတွေ ရှိတယ်။ သုညတွေ ရှိတယ်။ ကျောက်သင်ပုန်းကို မြေဖြူက လာထောက်တဲ့ အသံတွေ ရှိတယ်။ စိန်ပြေးလိုက်တမ်း ရှိတယ်။ စာအုပ်နဲ့ ခဲတံ ကိုင်ထားတဲ့ သူရဲကောင်းတွေရဲ့ တိုင်းပြည်……….
အဲ့ဒီတိုင်းပြည်ကို ‘ကျောင်းတော်’ လို့ ခေါ်တယ်။

ပြီးတော့ .. ပန်းပွင့်တွေ…
သူတို့ကိုယ်သူတို့ ဆွဲပွင့်တတ်ဖို့ အဲ့ဒီတို်င်းပြည်မှာ သင်ခန်းစာ အပြည့်ရှိတယ်။
ဂြိုလ်ကိုးလုံးအကြောင်း၊ လျှပ်စစ်မီးသီး အကြောင်း၊ ဗိုလ်ချုပ်အောင်ဆန်း အကြောင်း၊ ကိန်းဂဏန်းများ အကြောင်း၊ အောက်ဆီဂျင်နဲ့ ရေ အကြောင်း သင်တယ်။ နောက်ပြီး အမြဲစိမ်းတော အကြောင်း၊ မူဆိုလိုနီ အကြောင်း၊ အရှင်မဟာ ရဋ္ဌသာရ ၏ ကဗျာများ၊ ဦပုည၏ ပြဇာတ်၊ မပုကြွယ်နှင့် ခရုငယ်၊ မျက်မမြင် ကောင်လေး အကြောင်း၊ ဖားအကြောင်း၊ ဒုတိယကမ္ဘာစစ်အကြောင်း၊ အေသင်မြို့မှ အပြေးသမား အကြောင်း၊ ဘုရင့်နောင် အကြောင်း… ။ …………။ စုံလို့ ပါပဲ။ ဘ၀အကြောင်း သင်ရိုး တွေနဲ့
အဲ့ဒီတိုင်းပြည်ကို ‘ကျောင်းတော်’ လို့ ခေါ်တယ်။

‘ကျောင်းတော်’ ဟာ သူသိပ်ချစ်တဲ့ ပန်းပွင့်တွေကို ရင်နဲ့ အမျှထွေးပွေ့ ခဏခဏ ငုံ့နမ်းလေ့ရှိတယ်။ ဒါပေမယ့် ဘယ်ပန်းတစ်ပွင့်ကို မှ သူ့လက်နဲ့ ဖမ်းဆုပ် မထားခဲ့ဘူးလေ။

ဒီလိုနဲ့ နှင်းစက်တွေ တစ်ဖွဲဖွဲ ရွာကျ .. ခိုက်နေအောင် ချမ်းလာတဲ့ အခါ ..
သူ့ကိုယ်ပေါ်က နှင်းစက်တွေကို ‘ကျောင်းတော်’ က ခါချလိုက်တယ်။
.....................
အဲ့ဒီအချိန်ဟာ ကျောင်းပိတ်ချိန် ဖြစ်တယ်။

မြို့






မနက်ခင်းက အားလုံးထက် အရင်အိပ်ယာထပြီး လောကကို လင်းပြပေးနေသည်။
မင်္ဂလာပါ…။

ဟောဟိုမှာ နေခြည်တွေကို ရိုက်ခွဲ ဖောက်ထွက် … မြို့ကလေး ကိုတွေ့နေရပြီ။
သူ့ခြံစည်းရိုးမှာ သက်တံ့တွေကို ချိတ်ထားတယ်။ ကြည့်လိုက်တော့
မြို့ကလေးက သူ့မြေပြင်မှာ ပွင့်တဲ့ပန်းနဲ့ ဘုရားဝတ်ပြုနေတယ်။ ခဏကြာမှ အမျှဝေသံနဲ့ အဆုံးသတ်လိုက်တယ်။ ပြီးတော့မှ သူ စိုက်ပျိုးထားတဲ့ ခေါင်မိုးငယ်ငယ်အိမ်လေးတွေကို တစ်ချက် ငုံ့ကြည့်ရင်း ခါတိုင်းနေ့တွေလို သီချင်းတွေဆို နေတယ်။ သံစဉ်တွေ ခင်းထားတဲ့ မြို့ကလေးပေါ့။

တစ်ရက်တော့ မြို့ကလေးထံသို့ လူစိမ်းတစ်စုရောက်ရှိလာကြသည်။ သာယာလှသော ထိုမြို့ကလေးအား လူစိမ်းများက ကြိုက်နှစ်သက်ကာ အခြေချနေထိုင်ရန် ဆုံးဖြတ်လိုက်ကြသည်။ မြို့ကလေးကတော့ ကြည်ဖြူစွာပဲ လက်ခံလိုက်သည်။ နောက်တော့ ထိုလူစိမ်းအုပ်စုထဲ၌ ခေါင်းဆောင်မည်သော လူတစ်ယောက်က ဤမြို့ကလေး၏ အရှင်သခင်ဟု သူ့ကိုယ်သူ ခန့်အပ်ကာ နောက်ထပ်ရောက်လာကြသည့် တခြားသော လူများအား ဤမြို့ကလေး၌ နေထိုင်ချင်လျှင် သူ့အမိန့် သူ့အာဏာ သူ့လက်အောက် မှာသာနေရမည်ဟူသော ခပ်ကြောင်ကြောင် ဥပဒေ တစ်ခုကို ထုတ်ပြန်ထား၏။ မြို့ကလေးက ဒါကို သိပ်တော့ သဘောမကျ။ ဒါပေမယ့် ဘာမှတော့ မပြောဖြစ်။ ဘယ်သူတစ်ယောက်ကမှ လဲ သူ့ကိုမလွန်ဆန်ချင်ကြသဖြင့် ထိုအတိုင်းပင်
လက်ခံလိုက်ကြသည်။

ပြဿနာက အဲ့ဒီမှာ စ သည်။

ထိုခေါင်းဆောင်ဆိုသူက လူ့သဘာဝ လောဘဇော အတောမသတ်နိုင်ပဲ မြို့ကလေးကို သူတစ်ယောက်တည်းပိုင်အောင်၊ ဒီထက်ပို၍ သူလိုသလို အသုံးချနိုင်အောင် ဥပဒေ ထပ်ထုတ်သည်။ ထိုအခါကျ မြို့ကလေးက သည်းမခံနိုင်တော့။ မြို့နေတခြားလူများကလည်း ဆူညံထကြွကုန်ကြသည်။
သို့သော် ထိုသူ အား မတွန်းလှန်နိုင်ကြ။ အင်အားတောင့်သော ထိုလူစိမ်းအုပ်စု ကလည်း ကြောက်မက်ဖွယ်ရာကောင်းလောက်အောင် ရက်စက်ကြသည်။ မြို့ကလေးကလည်း အတိုက်အခံ ငြင်းသည်။ နောက်ဆုံး ထိုခေါင်းဆောင်ဆိုသူက စီရင်ချက်တစ်ခုချမှတ်လိုက်သည်။

မြို့ကလေးကို ‘ထောင်’ အဖြစ် ပြောင်းလဲ ပစ်လိုက်သည်။
…………………………………….
…………………………….
ဖုန်မှုန့်သဲမှုန့်တွေကြားမှာ မြို့ကလေး မွန်းကြပ်နေသည်။
ဘယ်သူမှ မကယ်နိုင်ကြ။
…………………..
………….
…..
ထိုအချိန်မှစ၍ မြို့ကလေး၌
ဟီရိ နှင့် သြတပ္ပ မည်သော လောကပါလ တရားနှစ်ပါး ပျက်သုန်းသွားကြသည်။
နေ့တွင် မီးထတောက် လောက် အောင် နေပူပြင်းပြီး ညတွင် မိုးခါးရေတို့ရွာကျသည်။ အိပ်မက်များ၌ အော်သံတွေဆူညံနေပြီး အရင်ကလို အရောင်မစုံတော့ပေ။ ယခင်က လိပ်ပြာများ ပျံဝဲ သော ပန်းခင်းသည် ယခုအခါ သုဿန်တစပြင် ဖြစ်လာသည်။ မြို့ကလေးမှာ မွန်းကြပ်နေဆဲ။

အမိုက်မှောင်ဖုံး၍ ဘုရားသခင်၏ ၀ိညာဉ်တော်သည်လည်း အရင်ကလို ရေ၌မပျော်ဝင်တော့။ ပြောင်းလဲကုန်ကြပြီ။ မြေလွှာများ တွန့်ခေါက်ကုန်ပြီး အနိမ့်အမြင့်များ ပေါများလာသည်။ အရင်ကလို မညီညာတော့။ မတ်စောက်သော တောင်များဖြစ်ထွန်းနေပြီး နက်ရှိုင်းသော ချောက်များရှိလာကြသည်။ အရင်ကလို မညီညာတော့။ လေပြေသည်ပင် မုန်တိုင်းပမာ ပြင်းလွန်းလှ၏။ ထို့အတူ မိစ္ဆာဘုံသားများ၏ ကိုယ်ရနံ့၊ ရင်ဘတ်စည်တီးအော်သံတို့သည် လေ၌ မျောပါလျှက် အရင်ကလို မသင်းပျံ့ မသာယာတော့ချေ။ မြို့ကလေးမှာ မွန်းကြပ်နေဆဲ။

စီးတော်မြင်းပေါ်တွင် ဓါးကိုမြှောက်ကိုင်ထားသော သူရဲကောင်းတို့၏ ပုံနိမိတ်သည် မြို့ကလေး၏ ကောင်းကင်၌ မလင်းမြတော့။ မြို့ကလေး၏ ကံကြမ္မာသည် ဘီးလူးနက္ခတ် ဖြစ်လာသည်။ မြို့ကလေး၏ အရိပ်သည်လည်း နေ့အခါ၌ပင် မပေါ်တော့။
တစ်ချို့လူတွေက မြို့ကလေးကို စွန့်ခွာသွားကြသည်။ တစ်ချို့လူတွေကတော့ မြို့ကလေးကို အသုံးချဆဲ။ တစ်ချို့လူတွေက ဖာသိဖာသာ။

မြို့ကလေးမှာ မွန်းကြပ်နေဆဲ။

ဘာပြောခဲ့ရမလဲ
ကဲကွယ်.. ယူသာသွားပါ
နှလုံးသားကို သစ်ငုတ်လုပ်
ငရဲပြည်ရဲ့ လက်တစ်ဆုပ်စာ
အဲ့ဒါဟာ အလင်းလေးပေါ့…။

ပြောဖို့မေ့ကျန်ခဲ့သည်မှာ မြို့ကလေး၏ ဇာတာ၌ အမှားလက္ခဏာ ပါလေသည်။
…..
ဖုန်မှုန့်သဲမှုန့်တွေကြား မြို့ကလေးမှာတော့ မွန်းကြပ်နေဆဲ ပင်………။

။ ။ထောင်
-လွတ်လပ်စွာ နေထိုင်ခွင့်မရှိ
-ပြင်ပနှင့်ဆက်သွယ်ခွင့် မရ
-ကျွေးတာစား၊ ပေးတာယူ၊ ခိုင်းတာလုပ်၊ ပြန်မပြောနဲ့
-ကြီးငယ်မရွေး နှိပ်စက်ခံရ
-အမြဲတမ်းနီးပါး မှောင်မိုက်နေတတ်
-ဘာသာရေး ပျောက်ကွယ်နေ
-ပညာသင်ကြားခွင့်မရှိ
-အခန့်မသင့်လျှင် ခေါ်ယူကြိမ်းမောင်းခံရ
(တခါတလေ ကြိမ်ဒဏ်၊ တခါတလေ အသတ်ပါခံရ)
-ထိုထက်ပို၍ ဆိုးရွားသော…….

ကျနော်နဲ့ ထိပ်ထား




နှင်းတစ်ပွင့်ထဲကို ပဲ လက်ခုပ်လေး နဲ့ ဆုပ်ထားမိတာပါ…….။
ဆောင်းတတွင်းလုံးစာ
ဒဏ်ရာတွေ ငါရခဲ့တယ်..။

ကျောက်သင်ပုန်းမှာ အက်ကြောင်းရာတွေထင်အောင် လျှောက်ခြစ်ပစ်လိုက်တယ်။
ဘယ်တော့များမှ ပြန်တွေ့ကြရမှာလဲ…မနက်ဖြန်လား၊ နောင်တခေတ်မှလား။ ဘယ်လောက်ကြာကြာ ကော ဝေးနေရမှာလဲ… တစ်နှစ်လား ၊ ဆယ်နှစ်လား ။ ဒါမှမဟုတ် တဘ၀လုံးလား..။ အရာရာဟာေ၀၀ါးလို့ ဘာတစ်ခုမှ မသေချာခဲ့ဘူးကွယ်။

နောက်တစ်နေ့မှာ … ကျောင်းသူလေးက ကျောင်းသားလေးကို မေးတယ်။ ‘နင်တကယ် ထွက်သွားတော့မှာပေါ့’ ..။ ကျောင်းသားလေးက ဘာမှမဖြေဘူး။ သူ့ခေါင်းကိုသာ ခပ်လေးလေး ညှိမ့်ပြတယ်။ သစ်ရွက်တွေကလည်း လိုက်ညှိမ့်တယ်။ ကျောင်းခန်းထဲက စာသင်ခုံတွေကလည်း လိုက်ညှိမ့်တယ်။ နောက်ဆုံး ကျောင်းဝန်းထဲမှာ အလေ့ကျပေါက်နေတဲ့ မြက်ပင်လေးတွေက အစပေါ့ … ခေါင်းလိုက်ညှိမ့်ကြတယ်။

အလင်းတွေကို ခူးဆွတ်ပေးဖို့ မတတ်နိုင်တဲ့အခါ
ကောင်းကင်ဟာ မှောင်နေလိမ့်မယ်…
ငါ့ နတ်သမီးလေးရယ် … ခွင့်လွှတ်ပါ။

ကျောင်းသူလေးရဲ့ ချာကနဲ လှည့်အထွက်မှာ နတ်ဆိုးရဲ့ ရယ်သံဟာ ကျောင်းသားလေးရဲ့ ပါးပြင်ပေါ်ကို စီးကျလာတယ်။ ဘယ်တိုင်းဘယ်ပြည်က ငို သံ လဲ ကွယ်။ တဆိတ်ဆူးနစ်ဝင် လွယ်လွန်းလှတယ်။ တစ်ခါတစ်ခါတော့လည်း မြက်ဖိနပ်စီးခဲ့ရတာကိုပဲ အပြစ်တင်ရမလား။ လမ်းမှာ ဆူးပေါလွန်းတာကိုပဲ .. တောက် . ခေါက်ရမလား။ ဘ၀အကြောင်း စာစီစာကုံးမှာ ကြက်ခြေခတ်တွေချည်းပဲ ချရေးချင်တယ်။

ဥသြဆိုတဲ့ အသံလေးပါပဲ
ဒါပေမယ့်
နွေတစ်ခုလုံးစာ လွမ်းလောက်တယ်။

တကယ်လို့ မြစ်တွေသာ ပြောင်းပြန်စီးဆင်းခဲ့ရင် မေခနဲ့ မလိခ တို့အကြောင်းဟာ ရင်ကွဲစရာတွေ ဖြစ်လာလိမ့်မယ်။ နင်နဲ့ ငါမှာ ရော အဲ့ဒီကျိန်စာ ပါလာသလား။ ခုလဲ တစ်နယ်ဆီ ခြား .. ငါတို့ ဝေးနေဆဲပဲလေ။ နင်မသိတဲ့ ဒီအရပ်ဟာ အော်သံတွေ ဆူညံနေတယ်။ ဓါးချင်းခတ်သံတွေဟာလဲ ကြက်သီးထစရာကောင်းလောက်အောင် လွင့်မျောလို့။ သွေးစာနေတဲ့ မြေပြင်မှာ ဟော့ဒီကောင် တိုက်ပွဲဝင်နေပါတယ်။ ထိပ်ထားရေ… ဒီဝေဒနာဟာ သံသရာချီအောင်ကြာရဲ့။

ငါ့ ဦးဆံမြေ့ ကို
ပိုင်တော်မူတဲ့ ဘုရင်မရေ…..
နင်မိန့်မှာခဲ့တဲ့ စာချွန်လွှာကြောင့်
တိုက်ပွဲမှာ ငါ သူရဲကောင်း ဖြစ်ခဲ့ပါတယ်။

ဒါပေမယ့် ထိပ်ထားရယ်. နင်ပေးဖို့ ရည်းစူးထားတဲ့ ပန်းတပွင့်ကိုတော့ ငါမရခဲ့ဘူး။ ငါတို့တွေ ဝေးနေကြတယ်လေ။ ချစ်သူတို့ ထားတဲ့သစ္စာဟာ မီးခတ်တဲ့ကျောက်မှာ ရှိတယ်။ ၀တ်ရည်ထဲမှာ ပျော်ဝင်တယ်။ မြေမှုန်တွေနဲ့ ဖန်ဆင်းပြီး ဆောင်းရာသီ ရနံ့သင်းတယ်။…. …. …. ။ အင်းဟုတ်ပြီ ..။ ဒါလောက်လေးနဲ့ပဲ ငါတို့ကျေနပ်ကြရအောင်။ ပြီးတော့ နင့် တိုင်းပြည်ကို ငါ ပြန်ဝင်တဲ့ အခါ စကားဝှက်ပြောဖို့လိုတယ် မှလား။ အဲ့ဒါဟာ သစ္စာတွေအကြောင်း ဖြစ်ကောင်းဖြစ်မှာပါ။ ခုကော ငါ့ကို နင်.. ၀တ်ကျေတန်းကျေ လွမ်းနေသေးလား…….။ ချိုကြည် လွင်မြ နေဆဲ.. နင့် မျက်ဝန်းလေး…….. အဲ့ဒါဟာ ..ငါ့ရင်ထဲ ၀င်ဖို့ စကားဝှက် ဖြစ်တယ်။

ထိပ်ထားရေ…
အလွမ်းပန်းခွေချခံရတဲ့ အာဇာနည်ဟာ မျက်ရည်ကျဘူးတယ်ကွဲ့…။
ဘာလို့ပဲ ဖြစ်ဖြစ်ပါ
ကျွန်လို တစ်လှည့်၊ သူရဲကောင်းလို တစ်လှည့်
ငါ နှုတ်ဆတ်ခဲ့တယ်။
သွား မယ် ကွယ်…. ။

ကြိုးပြတ်သွားသော မနက်ဖြန်





အချိန်ကို ပိုင်ဆိုင်ရခြင်းအလိုငှာ လက်ပတ်နာရီတစ်လုံးကို မက်မက်မောမော လိုချင်ခဲ့ဖူးပါသလား။
ဈေးကြီးသည် ဖြစ်စေ၊ မကြီးသည် ဖြစ်စေ၊ လူတိုင်း (သို့မဟုတ်) လူတော်တော်များများ တွင်တော့ နာရီတစ်လုံးစီ ပိုင်ဆိုင်ကြသည်။ ကျနော့်တွင်လည်း လက်ပတ်နာရီတစ်လုံး ရှိသည်။ ယခုအခါတွင် ကြိုးတစ်ဖက် ပြတ်နေသော ထိုငွေရောင်နာရီလေးမှာ ချစ်သူက ပေးထားခဲ့ဖူးသော နာရီလေး ဖြစ်သည်။

‘မင်းမှာ နာရီ မရှိပဲနဲ့ ဘယ်လိုလုပ် တစ်နယ်ရပ်ခြားသွားပြီး ကျောင်းတက်မှာလဲ’

စာသင်ခြင်း အလုပ်ဖြင့် ရခဲ့သော ငွေစလေးကို ကျနော့် အတွက် သူမ သုံးခဲ့ခြင်းဖြစ်သည်။
ထိုလက်ပတ်နာရီ လေးနှင့် အတူ ကျနော် ဘာကို ပိုင်ဆိုင်ရလိုက် ပါသလဲ။ တန်ဖိုးနှင့် ဂုဏ်ဒြပ်လား။ အချိန်လား။ အရင်က တစ်ခုခုလစ်ဟာနေသော လက်ကောက်ဝတ်နေရာမှ ယခု နာရီ လက်ပတ်ကြိုးနှင့် ထိနေသော အသိကိုလား။ အိုင်းစတိုင်း၏ ကာလနှင့် အလျားဆက်စပ်မှု သီအိုရီလား။ နယူတန်၏ အချိန်ယူနစ်တွေလား။ ဒါမှမဟုတ် ချစ်သူကို အချိန်တိုင်း သတိရနေမယ့် စက္ကန့်လက်တံ တချက်ချက် မြည်သံလား။ သေချာတာကတော့ ဒီအသက်အရွယ်အထိ အချိန်ကာလယန္တရားကို စိန်မခေါ်နိုင်သေးခြင်းပင်။

‘လူတစ်ယောက်ရဲ့ ပစ္စည်းဥစ္စာ ပိုင်ဆိုင်မှုဆိုတာ အဲ့ဒီလူရဲ့ ခန္ဓာကိုယ်အစိတ်အပိုင်း တစ်ခုခုနဲ့ ထိနေတဲ့အခါ၊ ဒါမှမဟုတ် အဲ့ဒီ ထိနေတာကို စိတ်က သိနေပြီး.. ဒါ ငါ့ဟာ ..ငါပိုင်တဲ့ဟာ ..လို့ စိတ်ထဲရှိလိုက်တဲ့ အခါ အခိုက်အတန့်လေး လောက်ပဲ ဖြစ်ပေါ်သွားတာပါ’

လေတဖြူးဖြူးတိုက်ခတ်နေသော ဘုရားစောင်းတန်းနားက ကုန်းမြေပုပုလေးပေါ်တွင် နှစ်ယောက်အတူ ထိုင်နေစဉ်က သူမ ပြောခဲ့သော စကားဖြစ်သည်။
လူဆိုတဲ့ သတ္တ၀ါဟာ ဘယ်ကနေပဲ ဖန်ဆင်းဖြစ်ပေါ်လာတာ ဖြစ်ဖြစ်၊ လောကကြီးထဲ ၀င်လာကတည်းကနေ ပြန်ထွက်သွားတဲ့ အချိန်ထိ ဘာပစ္စည်းတစ်ခုကိုမှ အမှန်တကယ် ပိုင်ဆိုင်ရခြင်း မရှိတဲ့ ကိစ္စကို အနည်းနဲ့ အများ ၀မ်းနည်းဖို့တော့ကောင်းသည်။ ဒါဝင် က ဒါကို သိခဲ့ပုံ မပေါ်ချေ။ ဗြမ္မာကြီးလေးဦးကကော…။ သတ္တဗေဒ ပညာရှင်တွေ ကိုယ်တိုင်ကပင် ရှင်းပြဖို့ မေ့ခဲ့သည်ထင်သည်။
ဖြစ်နိုင်လျှင် ကမ္ဘာအရပ်ရပ်က ခေါင်းဆောင်တွေ မသိရကောင်းလားဆို ပြီး သောက်ကျိုးနဲ ၀မ်းနည်းပစ်လိုက်သင့်သည်။ ဘ၀ဆိုတာ ဘာလဲ။ ပိုင်ဆိုင်းခြင်းဆိုတာ ဘာလဲ။ ဆုံးရှုံးခြင်းဆိုတာကရော… ဆန့်ကျင်ဘက်သတ္တိပြီးနေတဲ့ ပိုင်ဆိုင်ခြင်းရဲ့ ကျောခြင်းကပ်ရပ်ကောင်လား။ ဒါဆို အချိန်ဆိုတာကရော...။

ကျနော်တို့ နှစ်ယောက်အတူ ထိုင်နေရင်း ရုတ်တရက် ခိုဖြူလေးများ ထ ပျံသွားသည်ကို မြင်လိုက်ရသည်။

‘မိုးလောက်ကြီးသော တိုက်နှင့် ခြံများ ပိုင်ဆိုင်ရလိုပါ၏ ၊ ခန္ဓာကိုယ် အနှံ့ရှိသော ချွေးပေါက်လေးများ ပမာဏအလျောက် ငွေဒင်္ဂါးများ ပိုင်ဆိုင်ရလိုပါ၏ ၊ အသက်ရှည်ခြင်း၊ အဆင်းလှခြင်း၊ ဂုဏ်ရှိခြင်း၊ ရာထူးကြီးခြင်း၊ သူတစ်ပါး မျက်ခုံးမွှေးပေါ် လမ်းတက်လျှောက်နိုင်ခြင်း များနှင့်လဲ ပြည့်စုံရလိုပါ၏ ၊ အချိန်၏ ကြီးစိုးခြင်းမှလဲ လွတ်နိုင်ရလိုပါ၏။’
ဘုရားစောင်းတန်း၌ ခိုလွှတ်နေသော ၀ဖိုင့်ဖိုင့် လူကြီးတစ်ဦးထံမှ ဆုတောင်း နေသံ ဖြစ်သည်။

အစ ပထမတော့ ခိုဖြူလေးများက ခပ်ဝေးဝေးသို့ ချက်ချင်း မပျံနိုင်သေး။ စောင်းတန်းတ၀ိုက် နားလိုက် ပျံလိုက်နှင့်။ ခဏကြာတော့မှ နောက်ထပ်ပြန်မလာချင်တော့ပုံမျိုးနှင့် အဝေးဆီ ပျံသန်းသွားကြသည်။
ဒီလို ၀ဋ်ကြွေမျိုးမှ လွတ်နိုင်ရပါစေ ၊ နောက် ဘ၀၌ လူ အဖြစ်ကို ပိုင်ဆိုင်ရပါစေ ဆိုပြီးများ ဆုတောင်း ကြသွားသေးလား။
ထိုလူကြီး ကိုယ်တိုင်ကရော ဆုတောင်းခဲ့သလောက် ပိုင်ဆိုင်ရမည်ဟု တထစ်ချယုံကြည် နေမည်လား။ ရခဲ့လျှင်ရော တကယ်ပိုင်ဆိုင်ရမည်မှာ သေချာရဲ့လား။ ဘုရားသခင် အာမခံပေး မပေးတော့ မသေချာ။

ညနေစောင်းတော့ ကျနော် တို့နှစ်ယောက်အတူ ဘုရား ပေါ်မှ ဆင်းလာခဲ့ကြသည်။ အနော်မာ မြစ်ကမ်းတွင်တော့ ကြယ်တွေ ကြွေနေလောက်ပြီ ထင်သည်။ သူမ ပေးထားသော နာရီလေးကို ကြည့်ပြီး မနက်ဖြန်ဆိုတာ ရောက်မလာ စေရန် အချိန်ကို အတင်းကြီး တားချင်နေမိသည်။ ဒီအရွယ် အထိ ပိုင်ဆိုင်ခဲ့သမျှနှင့် အဲ့ဒီ အချိန်ဆိုတာကြီးကို လဲလို့ရရင်လဲပစ်လိုက်ချင်သည်။ ဒါမှ မဟုတ်လဲ တစ်ကမ္ဘာလုံး၌ ရှိသော နာရီတွေ အားလုံးဝယ်ကာ အချိန်တွေကို ရပ်ထားလိုက်ချင်သေး သည်။

ကမ္ဘာရေ… လည်နေတာကို ရပ်ပါ။ နေထွက်လာမှာကို တားပါ။
အခုအချိန်မှာ ပိုင်ဆိုင်ချင်တာ မနက်ဖြန်လေး တစ်ရက်ပါပဲ။ ဆုံးရှုံးခြင်းက ရင်ကို လာရိုက်သည်။ ဘုရားရေ … ကယ်ပါ။

‘မင်း … ငါ့ကို မပိုင်ဆိုင်ရတော့ပေမယ့် မင်းအပေါ်ထားတဲ့ ငါ့မေတ္တာတွေကိုတော့ .. မင်း ရခဲ့မှာပါ’

ကျနော့် ပခုံးပေါ် သူ့လက်ကလေးတင်ပြီး နှစ်သိမ့်သည်။ အလင်းငွေ့ငွေ့တွေကြားမှာ လမင်းက တိမ်တွေကို တွန်းထုတ်ပြီး သူ့ကိုကြည့်ခိုင်းသည်။ ကောင်းကင်ကြွေတော့မှာလား ။

မှုတ်ထုတ်လိုက်တဲ့ လေက အစ အေးခဲနေရလောက်အောင် ချမ်းတဲ့ ရာသီဥတုမှာ သူမနှင့် အတူ တောင်တက်ဖူးတာကို ပြန်သတိရနေမိသည်။ ထိုစဉ်က ရွှင်မြူးနေသော သူမ အပြုံးသည် တောင်တက်ချိန်များကို ကုန်မှန်းမသိ ကုန်စေခဲ့သည်။

‘မင်းနဲ့ အတူ အချိန်တွေ အကြာကြီး ရှိနေမယ်နော်’

သူမ ကတိပေးခဲ့ ဖူးသည်။ သို့သော် အချိန်ကာလ ကတော့ ကတိမတည်ခဲ့။ (သို့မဟုတ်) တည်ရှိနေခြင်းက ကတိမတည်ခဲ့။
လက်အုပ်ချီ ခါးချိုးထားသည့်တိုင်အောင် နာရီလက်တံ တွေရဲ့ ရွေ့လျားမှုက ရပ်မသွား။ သူမ လက်ကလေး ဖြစ်ညှစ် ဆုပ်ကိုင်ထားသည့် တိုင်အောင်…………………။

ယခုအချိန်ထိ ပိုင်ဆိုင်ခဲ့ရခြင်းများ တကယ်ရှိခဲ့သည်ဖြစ်စေ၊ မရှိခဲ့သည်ဖြစ်စေ၊ ကျနော် ဂရုမစိုက်ချင်တော့။ အချိန်ကာလ များလဲ မသိတော့။
မနက်ဖြန် မနက်၌ ကျနော့် ချစ်သူ သေဆုံးတော့မည်ဆိုသော အခါ ကျနော် ဘာလုပ်ရမည်နည်း။

ငါး




ရေသည် အောက်ဆီဂျင်တစ်ဆနှင့် ဟိုက်ဒရိုဂျင်နှစ်ဆ ပေါင်းစပ်ထားသည်ဆိုသော ဖော်မျူလာကို ကျနော်မသိပါ။ စီးဆင်းနေသောရေ၊ ခြောက်သွေ့နေသောရေ၊ သေနေသောရေ၊ တဘိုင်းဘိုင်းပြုတ်ကျနေသောရေ၊ တလွင်လွင်စီးနေသောရေ၊ တသောသော မျောနေသောရေ၊ တ၀ဲလည်လည်ဖြစ်နေသောရေ၊ ငန်သောရေ၊ ချိုသောရေ၊ ဗွက်ထနေသောရေ၊ ဓာတုဗေဒရေ၊ စသည်ဖြင့် အမျိုးမျိုးသောရေ တို့ အကြောင်းကိုလည်း ကျနော်မသိပါ။ မြင့်ရာမှ နိမ့်ရာသို့ စီးဆင်းသော ရေ၏သဘောကိုလဲ နားမလည်ပါ။
ကျနော်သည် ငါး တစ်ကောင်ဖြစ်ပါသည်။

ဘယ် ငါး မျိုးနွယ် ကနေမွေးထုတ်လိုက်မှန်းမသိသော ကျနော်သည် ‘ဘာမှန်းမသိသော ရေ’ တွင် နေထိုင်ပါသည်။ ထိုရေသည် သူကြိုက်သလို စီးဆင်းလေ့ရှိပြီး တစ်ခါတစ်ခါ ဆို၍ တစ်ခါတစ်ခါ ကောင်းပါသည်။ အမြဲလိုလို မျက်နှာ ပြောင်စပ်စပ်ဖြစ်နေသော ထို ‘ဘာမှန်းမသိသော ရေ’ ကို လူ့လောက အဘိဓာန်၌ ကံကြမ္မာဟု ဖွင့်ဆိုထားကြောင်း ဗေဒါများ ပြောကြားချက်အရ သိရသည်။

ကျနော် နေထိုင်သော နေရာတွင် တခြားငါးများကို လည်း အရွယ်အစား စုံလင်စွာ တွေ့ရတတ်သည်။
ရေအောက်သဘာဝအရ ကြီးသောငါးများက ငယ်သောငါးများကို စားပါသည်။ ငယ်သော ငါးများက သူ့ထက်ငယ်သော ငါးများကို စားပြီး ထိုအသေးဆုံးငါးများကတော့ ရေအောက်သစ်ပင် များကိုသာ စားပါသည်။

ထာဝရ ဘုရားသခင်သည် အရာရာကို ဖန်ဆင်းသူ ဖြစ်သည်ဆိုပါက ကျနော့်ချစ်သူငါးမလေး၊ ကူးခတ်နိုင်သော အမြှီး၊ ညဖက် မပိတ်သော မျက်လုံးတစ်စုံ နှင့် စဉ်းစားတွေးခေါ်တတ်ခြင်းများ အတွက် ရေညှိများ လက်ဆောင်ပေးချင်ပါသည်။ သို့သော် ဤရေပြင်၌ ဘုရားသခင်အား တစ်ခေါက်တစ်ခါမျှ မတွေ့ရ။ ကျနော် နှင့် ဓာတ်မတည့်သော အရာများထဲတွင် သူ လဲပါပုံရ၏။

ကျနော်သည် အဟိတ်ပုဂ္ဂိုလ်အချို့၊ အလှပြင်ဆိုင်၊ တံဆိပ်များနှင့် အင်္ကျီ၊ ကျနော့် အဖေ၊ သမိုင်းအတု တို့နှင့် မတည့်။ ကျနော်သည် သရုပ်မှန်ဝတ္ထု၊ ဘုရင်ရူး၊ အရောင်ဆိုးထားသော ကောင်းကင်၊ ကူဗလိုင်ခန့် တို့နှင့်မတည့်။ ကျနော်သည် ဘေထုပ်တန်းမှ စကားလုံးများ၊ သရဖူ၊ သက္ကာယဒိဌိ တို့နှင့် မတည့်။ ကျနော်သည် အနုပညာအတု၊ မျှော်လင့်ခြင်း၊ ပွဲတော်ရက်များ၊ မျက်နှာဖုံး တို့နှင့် မတည့်။ ကျနော်နှင့် မတည့်သော အရာများ ကျနော် နှင့် မတည့်။

ကျနော်နှင့် မတည့်သော အရာများထဲ တွင် ငါး မျှာချိတ်လဲပါသည်။
ရွှေရောင် တလက်လက်နှင့် ငါးမျှားချိတ်၊ ဒစ်ဂျစ်တယ် ငါးမျှားချိတ်၊ ညှီနံ့ နံသော ငါးမျှားချိတ်၊ သံတမန် ငါးမျှားချိတ်၊ နပိုလီယန် ရဲ့ ငါးမျှားချိတ်၊ မေးထူးခေါ်ပြော ငါးမျှားချိတ်၊ ဆူးကိုင်းများနှင့် ငါးမျှားချိတ်၊ လက်နက်ကိုင်ထားသော ငါးမျှားချိတ်၊ ပွတ်သီးပွတ်သပ်နိုင်သော ငါးမျှားချိတ်… စသည့် ငါးမျှားချိတ်များ ကျနော်နှင့် မတည့်။
ထို ငါးမျှားချိတ်များသည် အချဉ်ဖောက်ထားသော စပျစ်သီး၊ ဆေးလိပ်၊ တစ် မှ ကိုးအထိ ဂဏန်းများ (သုညမပါ)၊ ရာထူး၊ ဆုတံဆိပ်၊ လျှာအရိုးမရှိသော မိန်းမ စသည် တို့အား အစာ အဖြစ်သုံးကာ ကျနော့်ဆီ ရောက်လာလေ့ ရှိကြသည်။ ကျနော် နှင့် မတည့်သော အရာများက ကျနော့်အား မဆွဲဆောင်နိုင်။
စနစ်တကျ ပျက်ဆီးခြင်း၊ မော်ဒန်ဝတ္ထုတို၊ ကဗျာ၊ ဟီရိသြတ္တပ တို့နှင့် ဆိုလျှင်တော့ ကျနော် ပါကောင်းပါသွားနိုင်သည်။

ကျနော်သည် ငါးတစ်ကောင် ဖြစ်သည့် အလျှောက် ရေ၌ ပျော် ၏။ မြင့်လွန်းသော ကောင်းကင်ကား
အိပ်မက်ပမာ။ ကဗျာဆရာ တဂိုးကတော့ တိမ်ပွင့်တွေကို ခွဲထွက်ပြီး သူကြည့်တဲ့ အခါ
ငါး တွေ ရေထဲမှာ ပျံသန်းနေတာ မြင်ကြောင်း ပြောသည်။

လူးလွန့်ပြီး ရေပေါ်ကို ခုန်တက်လိုက်သည်။
ဖျက်ခနဲ အသင့် စောင့်နေသော ငှက်တစ်ကောင်က ကျနော့်ကို ချီသွားခဲ့သည်။ တိုးတိတ်လွန်းသော ငါးတစ်ကောင်၏ အော်သံကို သူမကြား။

ကျနော်သည် အဆိပ်သင့်နေသော ငါးတစ်ကောင် ဖြစ်ပါသည်။

License

အနုပညာနဲ့ ပက်သတ်တဲ့ လှုပ်ရှားမှု တွေပါ။
thanks for visiting. =)